Popular Posts

Showing posts with label ဓမ္မဒါနမှတ်စုများ. Show all posts
Showing posts with label ဓမ္မဒါနမှတ်စုများ. Show all posts

Wednesday, February 15, 2012

ဖခင်ဦးထွန်း မြိုင် မှတ်သားပြုစုခဲ့သော ဓမ္မဒါနမှတ်စုများ(၁) ဗုဒ္ဓမြတ်စွာဘုရား၏ လောကီ-လောကုတ္တရာဆိုင်ရာ တရားတော်များ အပိုင်း (၂)

         

ဖခင်ဦးထွန်း မြိုင် မှတ်သားပြုစုခဲ့သော ဓမ္မဒါနမှတ်စုများ(၁)

   ဗုဒ္ဓမြတ်စွာဘုရား၏ လောကီ-လောကုတ္တရာဆိုင်ရာ တရားတော်များ        အပိုင်း (၂)
          မေတ္တာဘာဝနာထက်  အကျိုးကျေးဇူး များနိုင်တာကတော့ ဗုဒ္ဓ၏ လောကုတ္တရာဆိုင်ရာ သတိပဋ္ဌာန် ဝိပဿနာ တရားတော်သာလျှင် အမြတ်ဆုံးဖြစ်ကြောင်း ဟောကြားထားတော်မူပါသည်။ သတိပဋ္ဌာန် ဝိပဿနာ အမြတ်ဆုံးတရား ကြိုးစားအားထုတ်တော့မည် ဆိုလျှင် အသိဉာဏ်နှင့် သီလ သမာဓိ ပညာ ရှိဖို့အရေးကြီးပါသည်။ 
           ပညတ်နှင့် ပရမတ် ခွဲခြားသိဖို့ လိုသည်၊ ရုပ်နာမ်ခန္ဓ္ဓာငါးပါး   ခွဲခြားသိဖို့ လိုသည်။   သစ္စာလေးပါး မဂ္ဂင်ရှစ်ပါး သိဖို့ လိုပါသည် ။ ဒီတရားတွေက အခြေခံအချက်များဖြစ်ပြီး  နောက်သိစရာအကြောင်းတွေက ဆက်သိမြင်သွားမှာဖြစ်ပါသည်။ အသိဉာဏ် အနဲအများအလိုက် မိမိတို
သန္တာန်မှာ သိမြင်သွားကြပါမည်။ 
              အသိဉာဏ် နည်းရင် အချိန်ယူရပေမဲ့ အားငယ်စရာတော့မဟုတ်ပါ။ ယုံကြည်မှု သဒ္ဓါ သာလျှင် အခြေခံ အကြောင်းရင်း ဖြစ်ပါသည်။ အသိဉာဏ် များရင်တော့ တရား မြန်မြန်မြင်ပြီး  အကျိုးတရား  မြန်မြန် ရသွားမှာ ဖြစ်ပါသည်။
               ပညတ်ဆိုတာက -တကယ် ရှိတာမဟုတ်ပဲ လောကီရေးရာ အခေါ်အဝေါ်တောတောင်ရေမြေ အိုးအိမ်အသုံးအဆောင်၊ နတ် ၊လူ၊ ကျွဲ့၊နွား၊ ငါ သူတစ်ပါး ယောက်ျား မိန်းမ၊ ပုဂ္ဂိုလ် သတ္တဝါ စသည်တို့မှာ
ပညတ်များသာဖြစ်ကြပါသည်။ တကယ်ရှိတာက ပရမတ္တတရားလေးပါး - စိတ် စေတသိတ် ရုပ် နိဗ္ဗာန် ။
 နိဗ္ဗာန် ကတော့ အသင်္ခတ နယ်မြေမှဖြစ်၍ လူသာမန်တို့ မထိတွေ့နိုင်ပါ။    စိတ် စေတသိတ် တို့က သိတတ်တဲ့တရားမို့ နာမ် လို့ခေါ်ပါသည်။ ရုပ် ဆိုသည်မှာ - ဓာတ်ကြီးလေးပါးဖြစ်သော ပထဝီ တေဇော အာပေါ ဝါယောဓာတ်တို့ဖြင့် ဖွဲ့စည်းထားတာဖြစ်ပါသည်။   ဓာတ်သဘောအားဖြင့် မာ ခြင်း၊ ပျော့ ခြင်း၊   ပူ ခြင်း၊ အေးခြင်း၊  ဖွဲ့စည်း ခြင်း၊  ယိုစီး ခြင်း ၊  တွန်းကန်ခြင်း၊  လှုပ်ရှားခြင်းတို့သဘောရှိကြပြီး အဆင်း အနံ့ အရသာ ဩဇာဓာတ်များ ရှိကြပါသည်။ 

          ရုပ်နှင့် နာမ် ကို ခန္ဓာဖွဲ့တော့ ငါးပါးရပါသည်။ ရုပ်က ရူပက္ခန္ဓာ တစ်ပါးရပြီး၊  နာမ်က ခန္ဓာ လေးပါး ရသည်။  ဝေဒနက္ခန္ဓာ - ခံစားမှုအစု၊ သညက္ခန္ဓာ- မှတ်သားမှု အစု၊ သင်္ခါရက္ခန္ဓာ- စေ့ဆော်ပြုပြင်မှု အစု နှင့် ဝိညာဉ်နက္ခန္ဓာ-  သိမှုအစု တို့ဖြစ်ကြပါသည်။  အတိုကောက်ကတော့  ခန္ဓာငါးပါး သိဖို့ပါပဲ။
      ဝိပဿနာ ရှူပွါး တဲ့အခါမှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါရယ်လို့ မမြင်တော့ပဲ ခန္ဓာငါးပါး  ရုပ်နာမ်  နှစ်ပါးသာမြင်ဖို့လိုပါသည်။ သစ္စာလေးပါး တရား ကတော့
ဗုဒ္ဓ ရဲ့အခြေခံတရား ဖြစ်ပါသည်။ သစ္စာလေးပါး တရားသိမှ ဗုဒ္ဓ ဘာသာစစ်စစ် ဖြစ်ပါသည်။   သစ္စာလေးပါး တရားက-
 ၁ ။ ဒုက္ခ သစ္စာ        - ဆင်းရဲခြင်း အမှန်တရား
 ၂ ။ သမုဒယ သစ္စာ   - ဆင်းရဲခြင်း ဖြစ်ကြောင်း အမှန်တရား
 ၃ ။ နိရောဓ သစ္စာ    - ဆင်းရဲခြင်း ကင်းရာ အမှန်တရား  

 ၄ ။ မဂ္ဂ သစ္စာ         - ဆင်းရဲခြင်း ကင်းရာရောက်ကြောင်း အမှန်တရား   
တို့ ဖြစ်ကြပါသည်။  ဘဝ ဟူသမျှ ဒုက္ခ ဟုသိဖို့ လိုပါသည်။ ဒုက္ခ သစ္စာ ရဲ. အကြောင်းရင်းက သမုဒယ သစ္စာ ဆိုတာသိရပါမည်။  ဆင်းရဲ ကင်းငြိမ်းရာ နိရောဓသစ္စာ ဆိုတဲ့  နိဗ္ဗာန် ဆိုတာ တကယ်ရှိသည် ။့ နိဗ္ဗာန်ရောက်ကြောင်း  မဂ္ဂသစ္စာ ဆိုသည်မှာ ကျင့် ကြံ  ပွါးများ အားထုတ်ရမည့် သစ္စာ ဖြစ်ပါသည်။         မဂ္ဂ သစ္စာ ကို မဂ္ဂင်ရှစ်ပါးလို့ ခေါ်ပါသည်။
                      မဂ္ဂင်ရှစ်ပါး ကတော့ ပညာ မဂ္ဂင် (၂)ပါး-သမာဓိ မဂ္ဂင် (၃)ပါး -သီလ မဂ္ဂင် (၃)ပါး တို့ ဖြစ်ပါသည်။  ပညာ မဂ္ဂင် (၂)ပါး-သမ္မာဒိဋ္ဌိ  ကောင်းစွာသိမြင်ခြင်း နှင့် သမ္မာသင်္ကပ္ပ ကောင်းစွာ ကြံစည်ခြင်း။ သမာဓိ မဂ္ဂင် (၃)ပါး -သမ္မာဝါယမ  ကောင်းစွာအားထုတ်ခြင်း ၊ သမ္မာသတိ ကောင်းစွာ သတိရှိခြင်း၊ သမ္မာ သမာဓိ ကောင်းစွာတည်ကြည်ခြင်း ။ သီလ မဂ္ဂင် (၃)ပါး -သမ္မာဝါစာ ကောင်းစွာ ပြောဆိုခြင်း၊ သမ္မာကမ္မန္တ ကောင်းစွာ ပြုမူခြင်း ၊ သမ္မာအာဇီဝ ကောင်းစွာ အသက်မွေးခြင်း ပေါင်း မဂ္ဂင်ရှစ်ပါး ဖြစ်ပါသည်။